စေတီတော်၏နောက်ခံသမိုင်း
စာရေးသူတို့၏ သုံးလောကထွဋ်ထား
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ကြွင်းကျန်ရစ်သည့်
ဓာတ်တော်မွေတော်များကို ဣန္ဒြိယ တိုင်း ပါဋလိပုတ္တရပြည်တွင် နန်းတက်တော်မူသော
သီရိဓမ္မသောက မင်းကြီး (အသောကမင်းကြီး)သည် ထိုစဉ်က
တိမ်မြုပ်ကွယ်ပျောက်နေသော မဟာစေတီကိုရှာ ဖွေတူးဖေါ်၍ ရရှိလာသောဗုဒ္ဓမြတ်
စွာဘုရား၏ ဓာတ်တော်မွေတော်များအား အရှင် မဟာဗာကုလရဟန္တာ မထေရ်မြတ်နှင့်
အရှင် မဟာမောဂ္ဂလိ ပုတ္တတိဿရဟန္တာ မထေရ်မြတ်တို့ ကိုပင့်လျှောက်စေလွှတ်ပြီး
ပတ်ဝန်းကျင်တိုင်းနိုင်ငံများသို့ ဗုဒ္ဓဘာသာ ထေရဝါဒသာသနာပြု စေ
လွှတ်တော်မူခဲ့သည်။
ထိုသို့စေလွှတ်တော်မူခဲ့ရာ စူဠထေရ်နှင့်
ရေဝတထေရ်အမူးပြုသော ရဟန္တာမထေရ်များသည် သီရိ ဓမ္မာသောက မင်းကြီး
ပေးဝေမျှလိုက်သော ဘုရားရှင်၏ဓာတ်တော်မွေတော် ပေါင်း ၁၄၈ ဆူကိုပင့်ဆောင်၍
ထိုစဉ် ကမဟာဝိဟိကမဟိံသဟု အမည်ရသည့် ရက္ခိုင်တိုင်းသို့ကြွချီတော်မူလာပြီး
ဓညဝတီပြည့်ရှင် စန္ဒသူရိယမင်းမှ အနွယ်တော်ခြောက်ဆက်မြောက် သူရိယစက္ကမင်းကြီး
(ဘီစီ ၂၇၂-၂၃၂)သို့ပေးအပ်တော်မူခဲ့လေသည်။
ဓညဝတီဘုရင် သူရိယစက္ကမင်း ကြီးနှင့်
မိဖုရားရုစိတာဒေဝီတို့သည် ထိုဓာတ်တော်မွေတော်များကို ရှေးဘေးလောင်းတော်၊
ဘိုးလောင်းတော် စန္ဒသူရိယမင်းကြီးလက်ထက် ဓညဝတီ ရခိုင်ပြည်သို့
ဗုဒ္ဓမြတ်စွာကြွရောက်လာစဉ် ဗျာဒိတ်တော်ထားခဲ့သောနေရာ အရပ်တိုင်း၌
တစ်ချိန်တည်း တစ်ပြိုင်တည်း ဌာပနာထည့် သွင်းစေတီတည်၍ ကိုးကွယ်တော်မူခဲ့ရာ
ဗုဒ္ဓမြတ်ဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်း ဘုရားရှင်နုစဉ်ဘဝက
လက်သမားဘဝဖြင့်ကျင်လည်ခဲ့ဖူးသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကဏန်း
တောင်ကျေးရွာအနီးရှိ မေဃဂီရိ ပဗ္ဗတတောင်ပေါ်တွင် ဘုရားရှင်၏ လက်ျာ
အာကျိတ်တော်ဓာတ်ကို ဌာပနာပြု၍ စေတီတော်မြတ်တစ်ဆူကို သာသနာသက္ကရာဇ် ၂၂၂
ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတင်တည်ထား
ပူဇော်ခဲ့ကြသည်။ မြတ်စွာဘုရားရှင်၏ လက်ျာအာကျိတ်တော်ဓာတ်ကို ဌာပနာ၍
တည်ထားတော်မူသည့်အတွက် အဆိုပါစေတီကို ထိုစဉ်အခါက လက်ျာအာကျိတ်တော်ဓာတ်
စေတီတော် ဟုအမည် သမုတ်ခဲ့ကြသည်။
လွမ်းစေတီဟုခေါ်ဝေါ်လာကြပုံ
ယင်းနောက်ပိုင်း လေးမြို့ခေတ်
နှောင်းပိုင်း မြောက်ဦးခေတ် အစပိုင်းသို့ ရောက်လာချိန်တွင် ဘုရင့်သားတော်
တစ်ပါးသည် မြောက်ဦးရွှေနန်းတော် မှ ပြည်နှင်ဒဏ်ခံရသည့်အတွက် ဘဲငါးရာ
တောင်တန်းနှင့်ဆက်စပ်နေသည့် ရွက်မညှိုးတောင်စဉ်ရှိ ဒေးဝန်း ကျေးရွာတွင်
မှီခို၍ လုပ်ကိုင် စားသောက် နေခဲ့သည်။ အဆိုပါဒေးဝန်း ကျေးရွာသည်
ကဏန်းတောင်ကျေးရွာမှ ၃ မိုင်ခန့်အကွာတွင် တည်ရှိနေသည့်အတွက်
တစ်ရွာနှင့်တစ်ရွာ တစ်မျှော် တစ်ခေါ်ပင်ရှိလှသည်။ ထို့အပြင် လက်ျာ
အာကျိတ်တော် ဓာတ်စေတီတည်ရှိသည့် မေဃဂီရိတောင်ထိပ်ပေါ်မှ အရှေ့ဘက်သို့
လှမ်းမျှော် ကြည့်မည်ဆိုလျှင် ရခိုင်ဘုရင်တို့ခေတ်အဆက်ဆက်
ထီးနန်းစိုက်ထူခဲ့ရာ မြောက်ဦးရွှေမြို့တော်ကို လှမ်းမြင်နိုင်ပေသည်။
ထို့ကြောင့် ဒေးဝန်းကျေးရွာတွင်
ပြည်နှင်ဒဏ်ခံနေရသည့်ဘုရင့် သားတော်သည် အဆိုပါတောင်ခြေအနီးတွင်
မျှော်စင်တစ်ခုကို အုတ်ဖြင့် အခိုင် အမာတည်ဆောက်ပြီး
မိမိရပ်ဌာနေမြောက်ဦးမြေအား မျှော်မှန်း လွမ်းဆွတ်တမ်းတခဲ့ရသည်။ ဤသည်ကို
အကြောင်းပြု၍ လက်ျာအာကျိတ်တော် ဓာတ်စေတီတော်မြတ်ကိုလည်း လွမ်းစေတီဟု ခေါ်ဝေါ်
သမုတ်ခဲ့ကြပြန်သည်။ အဆိုပါ ဘုရင့်သား တော်ပြုလုပ်ခဲ့သည့်
မျှော်စင်ဟောင်းနေ ရာ ဖောင်ဒေးရှင်းအား ကဏန်း တောင်ကျေးရွာထဲတွင်
ယခုထက်တိုင် အထင်အရှားတွေ့မြင်နိုင်ပေ သေးသည်။
စေတီတော် ပြိုကျပျက်စီးပြီးနောက်
ရှာဖွေတွေ့ရှိမှုများ လွမ်းစေတီ(ခေါ်)လက်ျာ အာကျိတ်တော် ဓာတ်စေတီတော်မြတ်မှာ
နှစ်ကာလ ကြာညောင်း လာသည်နှင့်အမျှ ရာသီဥတု၏ ဆိုးရွားမှုဒဏ်တို့ကြောင့်
တစ်စစီပြိုကျပျက်စီးသွားခဲ့သည်။
ယင်းနောက်ပိုင်း အဆိုပါတောင်ထိပ် ပေါ်တွင်
စေတီတော် ပြိုကျပျက်စီးသွားခဲ့ပြီဖြစ်သည့်အတွက် စေတီတော်နေရာတွင်
ကျောက်သား၊ ကျောက်ခဲ အကျိုးအပဲ့အပိုင်းအစတို့နှင့် ခြုံနွယ် ပိတ်ပေါင်းတို့
လွှမ်းခြုံလျက်ရှိနေခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့်
စေတီတော်ကိုစတင်တည်ထားခဲ့စဉ် အခါက ကျောက်ဆစ်လက်ရာဖြင့်
တည်ထားပူဇော်ခဲ့ခြင်းမှာ ဖြစ်နိုင်သည် ဟုယူဆရသည်။ အဘယ်ကြောင့်ဆိုသော်
စေတီတော်ဟောင်း နေရာနှင့် အနီးပတ်ဝန်းကျင်တို့တွင် အုတ်ခဲအကျိုးအပဲ့
အပိုင်းအစများကို ရှာဖွေ မတွေ့ရှိခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။
ယင်းအချိန် ကဏန်းတောင်ကျေးရွာနှင့်
အနီးပတ်ဝန်းကျင်မှ ဒေသခံများသည် အဆိုပါတောင်ပေါ်တွင် ဟင်းပင် စားပင်များ
ရှာဖွေစား သောက်ကြ စဉ် ခြုံနွယ်ပိတ်ပေါင်း ထူထပ်နေပြီဖြစ်သည့်စေတီတော်
ခါးပန်းအနီးမှ ကြေးဘုရားဆင်းတုတော်များနှင့် ခရေပွင့် သဏ္ဌာန်ရှိဓာတ်
တော်များရရှိခဲ့ ကြသည်။
ယင်းအပြင် စေတီတော်ဟောင်းနေရာမှ
ကျောက်တိုင်ငယ်တစ်ခုကိုလည်း တူးဖော်ရရှိခဲ့ ကြသည်။ ထိုကျောက်တိုင်ငယ်တွင်
အံပေါက်ငယ်တစ်ခု ထွင်းထုပါရှိပြီး အထဲတွင် စိန်ဘုရား၊ မြဘုရား အပါအဝင်
ရွှေဘုရားဆင်းတုတော်များနှင့် ဇမ္ဗုပတိမင်းချွတ်ခန်း ဘုရားပုံတော်များ
အများအပြား ပါရှိခဲ့သည်။ ထို့ ကြောင့် ဤနေရာတွင် ယခင်က
စေတီတော်တစ်ဆူတည်ရှိနေခဲ့မည်မှာ အသေအချာဖြစ်နေခဲ့သည်ကို ယခု ရရှိထားသည့်
ဘုရား ဆင်းတုတော်များက သက်သေခံနေသည် မဟုတ်ပါလား။
သို့နှင့် ကဏန်းတောင်ကျေးရွာမှ
ကျောင်းထိုင်ဆရာတော်ကြီးနှင့် ဒကာ၊ ဒကာမများ၊ ဘိုးဘွားမိဘ
များတို့စုပေါင်းပြီး ဆရာတော်ကိုယ် တိုင် ဦးဆောင်ကာ ဤနေရာ၌
တိမ်မြုပ်ပျောက်ကွယ်နေသော ဘုရားအား ကောဇာသက္ကရာဇ် ၁၂၉၈ ခုနှစ်၊
တပေါင်းလဆန်း ၁ဝ ရက်၊ စနေနေ့တွင် အဆိုပါ စေတီတော်ဟောင်း နေရာ၌ စေတီတော်အသစ်
တစ်ဆူကို ဒုတိယအကြိမ်မြောက် ပြန်လည်တည် ထားကိုးကွယ်ခဲ့ကြလေသည်။
စေတီတော်အားပြန်လည် တည်ထားခဲ့ကြရာတွင်
ရရှိထားသည့်ဓာတ်တော်မွေတော်များ၊ ဘုရားဆင်းတုတော်များအား
စေတီတော်တွင်ပြန်လည် ကာ ဌာပနာ ထည့်သွင်းပူဇော်ခဲ့ကြသည်။
ယင်းအချိန်က စေတီတော်၏အမြင့်မှာ
ဘုရားရင်ပြင်တော်မှ စိန်ဖူးတော်အထိ ၄၈ ပေ အမြင့်ရှိပြီး အောက်ခြေဖိနပ်
တော်အကျယ်အဝန်းမှာ ၄၂ ပေ ဖြစ်သည်။ စေတီတော်အား ကိုးနဝင်း အဖြစ်တည်ထား
ပူဇော်ခဲ့သည်ဖြစ်ရာ စေတီတော်၏ အောက်ခြေပန်းတင်ခုံပေါ်တွင် အရံစေတီငယ်
ရှစ်ဆူကိုလည်း တည်ထားပူဇော်ထားရှိသည်ကို ဖူးတွေ့ရသည်။
စေတီတော်နှင့်ထူးခြားဖြစ်ရပ်များ
စေတီတော်ကို ဒုတိယအကြိမ်
ပြန်လည်တည်ထားပူဇော်ထားရှိပြီးသည့်နောက်ပိုင်းတွင် စေတီတော်မှ မကြာခဏ
ဓာတ်တော်များကွန့်မြူး တတ် (ဒေသအခေါ် ဓာတ်တောက်) သည်ကိုလည်း
ဒေသခံများဖူးတွေ့ရသည်။ ယင်းအပြင် ကဆုန်လကျ ရောက်လာသည့်အခါ စေတီတော်၏
ရင်ပြင် တွင်ရှိသည့်ဗောဓိပင်နှစ်ပင်တို့ ၏ အရွက်များသည် အရွက် သုံးရွက်
စုပေါင်းပြီး ကတော့ငယ်ပုံစံအဖြစ် ခွေလိပ်သွားကာ စေတီတော်အား ပူဇော်
ကန်တော့တတ်ကြသည်။ ထိုသို့ ဗောဓိရွက်များခွေလိပ်ပြီး စေတီတော်အား
ပူဇော်ကန်တော့တတ်ကြသဖြင့် ကဏန်းတောင်ကျေးရွာနေဒေသခံများ သည် အဆိုပါတောင်
ထိပ်ပေါ်တွင် နှစ်စဉ်နှစ်တိုင်း ကဆုန်ညောင်ရေ
သွန်းပွဲတော်ကိုကျင်းပလာခဲ့ကြသည် မှာ ယခုထက်တိုင်အောင်ပင်ဖြစ်သည်။
စေတီတော်မြတ်တည်ရှိသည့်
မေဃဂီရိတောင်တော်မြတ်၏ အရှေ့ဘက်တောင်ခြေရင်းတွင် ယိုးနဒီစီးဆင်း
လျက်ရှိကြောင်း အထက်တွင် တင်ပြ ခဲ့ပြီးဖြစ်သည်။ အဆိုပါတောင် ခြေရင်းရှိ
ယိုးချောင်းရေပြင်အောက်တွင် ကျောက်အိုင် တစ်ခု တည်ရှိသည်။
အဆိုပါကျောက်အိုင်ထဲတွင် ယခင်က ကဏန်းများပေါများစွာရှိနေခဲ့ကြသည်။
နှစ်စဉ်နှစ်တိုင်း နတ်တော်၊ ပြာသိုလများတွင် အဆိုပါ ကျောက်အိုင်ထဲမှ
ကဏန်းများသည် တောင်ထိပ်ပေါ် သို့ တက်သွားတတ်ကြပြီး စေတီတော်အား ဖူးမြော်
တတ်ကြသည်။ ယင်းနောက်ပိုင်း တပေါင်း၊ တန်ခူးလများတွင် ဖမ်းဆီးရမိသည့်
ကဏန်းများ၌ လက်မ တစ်ချောင်းတည်းသာ ပါရှိတော့သည်ကိုတွေ့ရသည်။
အကြောင်းမှာ အဆိုပါ ကဏန်းများသည်
တောင်ထိပ်ပေါ်တွင် တည်ရှိသည့်စေတီတော်မြတ်ကို ဖူးမြော်ပြီး
မိမိတွင်ပါရှိသည့် လက်မ နှစ်ချောင်း အနက် တစ်ချောင်းကို ကုသိုလ်ပြု
လှူဒါန်းခဲ့ခြင်းဖြစ်ဟန်တူကြောင်း ဒေသခံများက မှတ်ချက် ပြုပြောကြားကြသည်။
မည်သို့ပင်ဆို စေကာမူ ဤသည်တို့မှာ စေတီတော်ကို အကြောင်းပြု၍ဖြစ်ပေါ်လာရသည့်
ထူးခြားဆန်းကြယ်ဖြစ်ရပ်ဆန်းများပင် ဖြစ်ပေသည်။
စေတီတော်အား တတိယအကြိမ်ပြန်လည်မွမ်းမံ
ထို့နောက် အဆိုပါစေတီတော်မှာ
ယိုယွင်းပျက်စီးလာ၍ ကဏန်း တောင်ကျေးရွာသားဖြစ်သူ သံတွဲမြို့နယ်၊
အောက်နန်းမော်ကျေးရွာ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တအရှင်
ခန္တီမထေရ်မြတ်ဦးဆောင်ပြီး ကဏန်းတောင်ကျေးရွာ မှဒါယကာ၊ ဒါယိကာမများနှင့်
ရပ်နီးရပ်ဝေးမှ စေတနာ ရှင်ပြည်သူ တို့စုပေါင်းကာ သာသနာ သက္ကရာဇ် ၂၅၅ဝ ပြည့်၊
ကောဇာ သက္ကရာဇ် ၁၃၆၈ ခုနှစ်၊ တပေါင်း လဆန်း ၁ဝ ရက်၊ တနင်္ဂနွေနေ့တွင် တတိယ
အကြိမ်ပြန်လည်ပြုပြင် တည်ထားပူဇော်ခဲ့ကြသည်။ စေတီတော်အား မူလအမြင့် ၄၈
ပေရှိရာမှ ယခုအကြိမ်တွင် အမြင့် ၅၄ ပေ အဖြစ်တိုးမြှင့်တည် ထားခဲ့ကြသည်။
အလားတူစေတီတော်၏ အောက်ခြေ
ဖိနပ်တော်အကျယ်အားလည်း မူလ ၄၂ ပေ ရှိရာမှ ယခုအကြိမ်တွင် ၅၄ ပေ အကျယ်ဖြင့်
တည်ထား ပူဇော် ခဲ့ကြသည်။ ယခုအခါ စေတီတော် ပရိဝုဏ်အတွင်း
ဓမ္မာရုံနှစ်ရုံနှင့် အာရုံ ခံတစ်ခုတည်ရှိပြီး ဓမ္မာရုံများအတွင်းတွင်လည်း
ဘုရားဆင်းတုတော်များ တည်ထားပူဇော်ထားသည်ကို ဖူးတွေ့ရသည်။ ယင်းအပြင်
စေတီတော်၏ မြောက်ဘက်တွင် ၁၃ ပေ အမြင့်ရှိသည့် ရပ်တော်မူဘုရားဆင်းတုတော်
တစ်ဆူကိုလည်း သံတွဲမြို့နယ်၊ အောက်နန်းမော်ကျေးရွာကျောင်းထိုင် ဆရာတော်
ဘဒ္ဒန္တအရှင်ခန္တီ မထေရ်မြတ်ဦးဆောင်၍ တည်ထားပူဇော်လျက် ရှိနေသေးသည်။
ယခုအခါ ကဏန်းတောင် ကျေးရွာမြောက်ဘက်ရှိ
မေဃဂီရိ တောင်ကုန်းပေါ်တွင်တည်ရှိသည့် လွမ်းစေတီ( ခေါ်) လက်ျာ အာကျိတ်
တော်ဓာတ်စေ တီတော်မှာ ရွှေရောင် ဝင်းဝင်းရွှေအဆင်းဖြင့် အများသူငါ အလွယ်တကူ
ဖူးမြော်နိုင်ကြပြီဖြစ်သည်။
စေတီတော်မြတ်တည်ရှိသည့် မေဃဂီရိပဗ္ဗတတောင်၏
အရှေ့ဘက် (အောက်ခြေ)တွင် ယိုးချောင်းကလေး တသွင်သွင် ဖြတ်သန်းစီးဆင်းနေသည့်
အတွက် ချောင်းကလေးနံဘေးရှိ တောင်ကုန်းပေါ်တွင် လွမ်းစေတီတည်ရှိနေခြင်းမှာ
အလွန်ပနာတင့်လှပေသည်။ ယင်းအပြင် အဆိုပါ တောင်ကုန်း ၏ အနောက်ဘက်တွင်
ရန်ကုန်-စစ်တွေ ပြည်ထောင်စုကား လမ်းမကြီးနှင့် စစ်တွေ-ပဒါန်း-အမ်း
-မင်းဘူး-ရန်ကုန်သို့ဖောက်လုပ်မည့် ရထား လမ်းပိုင်းတွင်ပါဝင်သော ကွမ်း
တောင်-ကျောက်တော် ရထားလမ်း တို့တည်ရှိနေသည့်အတွက်လည်း
ခရီးသွားပြည်သူများအနေဖြင့် ရွှေရောင်ဝင်း ပြီးရွှေအဆင်းရှိသည့် အဆိုပါ
စေတီတော်မြတ်ကို ကားပေါ်မှသော် လည်းကောင်း၊ ရထားပေါ်မှသော် လည်းကောင်း
သဒ္ဓါပီတိ ဂွမ်းဆီထိဖြင့် ဖူးမြော် ကြည်ညိုနိုင်ကြပြီဖြစ်သည်။
စာဖတ်သူတို့အနေဖြင့်လည်း
အခွင့်ကြုံကြိုက်ပါက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကဏန်းတောင်
ကျေးရွာ ၏ မြောက်ဘက်မေဃဂီရိ တောင် ထိပ်ပေါ်တွင်တည်ရှိသည့်
ဤလွမ်းစေတီ(ခေါ်)လက်ျာအာကျိတ်တော် ဓာတ်စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုရန်
ဖိတ်ခေါ်လိုက်ရပေတော့ သည်။
မာန်ယုကျော်(ရွှေဝါမြေ)
ကျမ်းကိုးစာရင်း။ ။
၁။ ရက္ခပူရကြေးမုံကျမ်း (ဓညဝတီအောင်ဇေယျ-မြောက်ဦး)
၂။ သံတွဲမြို့နယ်၊ အောက်နန်းမော် ကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအရှင်ခန္တီ၏မိန့်ကြားချက်များ။
၃။ ကဏန်းတောင်ကျေးရွာမှဒေသခံများ ဖြစ်ကြသည့်သက်ကြီးများနှင့် ကျောင်းဒကာကြီး ဦးဦးထွန်းလှတို့မိသားစု၏ပြောပြချက်များ။
၎။ စာရေးသူ၏ကွင်းဆင်းလေ့လာမှတ် သားမှုများ။
http://www.zaygwet.com/pagoda.php?id=105 မှ ကူးယူဖေါ်ပြသည်။

No comments:
Post a Comment